ကြို့ပင်ကောက် ဒီဇင်ဘာ ၃
ပဲခူတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရွှေကြို့မြေ ဘိုးဘွားရိပ်သာတွင် (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွင်းဆင်းဆေးကုသခြင်းကို မြို့နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများက ဒီဇင်ဘာလ ၃ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် ၁၆ ခုတင်ဆံ့တိုင်းရင်း ဆေးရုံအုပ်ကြီး ဒေါ်နှင်းထိုက်တိုးက(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အနေဖြင့် ကွင်းဆင်းကုသပေးရခြင်းဖြစ်ကြောင်း အဘိုးအဘွားများ၏ ကျန်းမာရေးလိုအပ်ချက်များကို ပွင့်လင်းစွာပြောကြား၍ ဆေးဝါးကုသမှုခံယူစေလိုကြောင်း တိုးတက်လာသောခေတ်နှင့်အညီ မြန်မာ့တိုင်းရင်းဆေးပညာသည်လည်း တိုးတက်လာပါကြောင်း မိမိတို့၏ ရောဂါများကို ယုံကြည်စိတ်ချစွာ ကုသစေလိုကြောင်းပြောကြားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ ရွှေသမင်ဆေးတိုက်က လှူဒါန်းသော မြန်မာ့တိုင်းရင်းဆေးများကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့ ဘိုးဘွားရိပ်သာရှိ အဘိုး(၇)ဦး အဖွား(၁၈)ဦးနှင့် ဝန်ထမ်း(၈)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစစ်ဆေးကုသပေးရာ ဘိုးဘွားများတွင် ဖြစ်ပေါ်နေသော အစာမကျေခြင်း၊ အရိုးအကြော အစစ်ရောဂါများအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး ယင်းသို့ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း လစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်တိုင်းရင်းဆေးရုံအုပ် ဒေါ်နှင်းထိုက်တိုးက ပြောသည်။
ဇေယျာထွန်း(ပြန်/ဆက်)