တောင်ဥက္ကလာပ ဒီဇင်ဘာ ၃
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လက်ကမ်းစာစောင်များအား ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ နန္ဒဝန်ဈေး၊ YBS ကားဂိတ်များနှင့် လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
"ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့" ဆောင်ပုဒ်နှင့်အညီ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့" စသည့်အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်များအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကို၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများပါဝင်သောအဖွဲ့မှ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)