ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၃

၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူ မဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိသည်။

ထိုသို့ဖြန့်ဝေလျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီးမြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းနောင်မြို့နယ်၊ မိုင်းယုမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ တုံတာမြို့၊ ပုံပါကျင်မြို့တို့တွင် ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့များ၌ သက်ဆိုင်ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့ပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီ ခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့် အကြောင်းအရာတို့ ပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် လူစည်ကားရာနေရာတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြန်ဆက်