ဒဂုံတောင် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၁၀) အခြေခံပညာအလယ်တန်းကျောင်း (အ.ထ.က-ခွဲ) ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ရာတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် စာကြည့်တိုက်အသုံးပြု၍ စာပေကောင်းများ ဖတ်ရှုစေရန် စာကြည့်တိုက်အကြောင်း သိကောင်းစရာများ ဟောပြော၍ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာ သက်ဝေမောင်က လူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ ဘဝခရီးဖြောင့်ဖြူးသာယာရေးအတွက် စာပေး၏ အကျိုးပြုပုံများကို အကျယ်တဝင့်ဟောပြောဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသရာ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားဖတ်ရှုကြကြောင်း သိရသည်။
သန်းသန်းအေး (ပြန်/ဆက်)