ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

ဒဂုံမြောက် ဒီဇင်ဘာ ၃

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ YBS ကားဂိတ်များနှင့် လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

"ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့" ဆောင်ပုဒ်နှင့်အညီ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့" စသည့်အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်များ၊ စတေကာများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများပါဝင်သောအဖွဲ့မှ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)