မကွေးမြို့၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

မကွေး ဒီဇင်ဘာ ၃

လူမှုအသိုက်အဝန်းအတွင်း မသန်စွမ်းသူများ တန်းတူညီမျှ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့်ကိုယ်၊ စိတ်ကျန်းမာကြံ့ခိုင်ရန် ပံ့ပိုးဆောင်ရွက်မှုကိုမြှင့်တင်ပေးရန် ရည်ရွယ်၍  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးအစည်းဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မသန်စွမ်းသူများ၏ အခွင့်ရေးဆိုင်ရာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်ဆုရအားကစားသမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပသော (၄၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ဂုဏ်ပြုသတ်မှတ်ခဲ့ကြောင်း၊ နှစ်စဉ် ဒီဇင်ဘာလ(၃)ရက်နေ့မှာ အစဉ်အလာမပျက် ဂုဏ်ပြုကျင်းပခဲ့တာဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများဟာ သန်စွမ်းသူများကဲ့သို့ တန်းတူအခွင့်အရေးများရရှိစေဖို့၊ မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာကို အလေးပြုလာစေဖို့နဲ့ မသန်စွမ်းသူတွေရဲ့ စိတ်ဓါတ်အင်အားတွေ မြင့်မားလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နှစ်စဉ် ဒီဇင်ဘာလ(၃)ရက် နေ့ရောက်တိုင်း ယခုလိုအခမ်းအနားမျိုးကို ဂုဏ်ပြုကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုနှစ် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်ကတော့ “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး” “Fostering disab sability inclusive societies for advancing social progress” ဖြစ်ကြောင်း၊ မသန်စွမ်းမှုကိုအကြောင်းပြု၍ သိလျက်နှင့် တမင်ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ အကြမ်းဖက်ခြင်းမရှိစေရေး၊ မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင်ဖြစ်စေရေးနဲ့ မသန်စွမ်းမှုဆိုင်ရာ အသိပညာမြင့်မားရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသိပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ထည့်သွင်းဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းအရေးကို ဆောင်ရွက်နေတဲ့ ကော်မတီဝင်များ၊ အဖွဲ့အစည်းများအနေနဲ့ မသန်စွမ်းသူများ၏ ဘဝမြင့်မားရေးအတွက် မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများကို မြှင့်တင်ဆောင်ရွက်ပေးကြရန်နဲ့ မသန်စွမ်းသူများ ကိုယ်တိုင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ ပြောကြားလိုကြောင်း ဒါကြောင့်မသန်စွမ်းသူများကို ခွဲခြားချန်လှပ်မထားဘဲ လူ့အသိုင်းအဝိုင်းအတွင်း ဝင်ဆံ့နိုင်ရေးနဲ့ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းဆောင်ရည်နှင့် အခွင့်အရေးတို့ကို အလေးဂရုပြုဖော်ထုတ်အသိအမှတ်ပြုကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့သဝဏ်လွှာ Video Clipနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့်  မသန်စွမ်းသူများအရေးနှင့်ပတ်သက်သည့် Video Clip ပြသမှုများကို ကြည့်ရှုခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အကြို အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)