ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ ဒီဇင်ဘာ ၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တောင်ကလေး တိုးချဲ့မြို့ပြအိမ်စီမံကိန်းဧရိယာအတွင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တောင်ကလေးစုပေါင်း ဝန်ထမ်းအိမ်ရာစခန်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာနှစ်လုံး ထပ်မံတည်ဆောက်မည့်မြေနေရာ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၁၁၄၄ ဒဿမ ၄၀၀ သန်းဖြင့် Aung Si Taw Co.,Ltd မှ တာဝန်ယူတည်ဆောက်သော ၄ ခန်းတွဲ ၅ ထပ်ဝန်ထမ်းအိမ်ရာတစ်လုံးတည်ဆောက်ရေးလုပ်ငန်းနှင့် ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ကျပ် ၁၁၄၄ ဒဿမ ၄၀၀ သန်း ဖြင့် Maw Pha Maw Kun Co.,Ltd တာဝန်ယူတည်ဆောက်သော ၄ ခန်းတွဲ ၅ ထပ် ဝန်ထမ်းအိမ်ရာတစ်လုံးတည်ဆောက်ရေးလုပ်ငန်းတို့ကို ကြည်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ၇၂ ရာခိုင်နှုန်းကျော်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာန လှာကမြင်အားကစားကွင်း ဇွဲကပင်အားကစားရုံ (၂၀၀ ပေ x ၁၃၀ ပေ) အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ယူတည်ဆောက်သည့်ဒီဇိုင်းမန္တလေးကုမ္ပဏီမှတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ တည်ဆောက်ရေးလုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှာကမြင်ကွက်သစ်၊ စည်ပင်သာယာဈေး၌ World Food Program ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ရိက္ခာထောက်ပံ့မှုအနေဖြင့် လူတစ်ဦးလျှင် ဆန် ၁၃ ပြည် ၄ ဗူး၊ ပဲ ၂ ပြည်၊ ဆီ ၂ လီတာ၊ ဆား ၂၀ ကျပ်သားခန့်၊ ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်များအတွက် ဖြည့်စွက်အာဟာရမှုန့်များ ဖြန့်ဝေပေးအပ်နေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများကိုလိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့ တွင် ကရင်ပြည်နယ်တရားလွှတ်တော်ရုံးသစ် (၁၃၄ပေx၁၄၁ပေ) RC ၃ ထပ်အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃) မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)