ပုသိမ် ဒီဇင်ဘာ ၃
တိုင်းဒေသကြီးအဆင့် National ICT Awards-2025 (Educational Project & Skills Competition) ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဗဟိုအဆင့်တွင် ဆရာအဆင့် ဒုတိယဆု၊ အထက်တန်းဆင့်တွင် အထူးဆု(၁)ဆု၊ အလယ်တန်းဆင့်တွင်အထူးဆု(၁)ဆု ရရှိခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တိုင်းအဆင့်ပြိုင်ပွဲတွင် မူလတန်းဆင့်(၁၇)ဦး၊ အလယ်တန်းဆင့်(၃)ဦး၊ အထက်တန်းဆင့်(၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ဗဟိုအဆင့်ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ပဏာမရွေးချယ်ခံရသူ အထက်တန်းဆင့်(၂)ဦး၊ အလယ်တန်းဆင့်(၂)ဦး၊ မူလတန်းဆင့်(၂)ဦး ရွေးချယ်ခံရပြီး၊ ဗဟိုအဆင့်တွင် အထက်တန်းဆင့်မှ ပထမဆုနှင့် ဒုတိယဆု၊ အလယ်တန်းဆင့်တွင် အထူးဆု(၂)ဆု၊ မူလတန်းဆင့်တွင် အထူးဆု(၂)ဆု ရရှိခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာသည်ကိုတွေ့ရပါကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲဝင်ထားသော project များကို သင်ထောက်ကူအဖြစ် လက်တွေ့သင်ခန်းစာ များတွင် အသုံးပြုရန်နှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လေ့လာ သင်ယူပြီး ICT နည်းပညာဖြင့် အကျိုးရှိထိရောက်စွာ အသုံးချခြင်း၊ မိမိတို့တတ်စွမ်းသမျှ ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ခေတ်နှင့် လိုက်လျှောညီထွေဖြစ်သည့် ပေါင်းစပ်သင်ယူမှုအခွင့်အလမ်းများဖြင့် သင်ယူသူများ၏ IQ နှင့် EQ ၂၁ ရာစုဆိုင်ရာ စွမ်းဆောင်ရည်များ ပြည့်ဝလာစေရန်အတွက် လိုအပ်သည့် အခြေခံတတ်မြောက်မှုများ ကျွမ်းကျင်မှုများနှင့် စွမ်းရည်ဆိုင်ရာတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည့်အတွက် ယနေ့ပြိုင်ပွဲသည် များစွာအကျိုးသက်ရောက်မှု ရရှိမည်ဖြစ်ပါကြောင်း၊ အလားတူ ယနေ့ခေတ်တွင် Al နည်းပညာသည် နေ့စဉ်ဘဝထဲကို ပိုမိုနက်ရှိုင်းစွာဝင်ရောက်လာပြီဖြစ်ရာ မိမိကိုယ်တိုင်သင်ယူမှုရရှိစေခြင်း၊ သင်ကြားသူများအတွက် အထောက်အပံ့ဖြစ်ခြင်း စသည့် AI ၏အသုံးဝင်မှုတွေကိုအသုံးချပြီး သင်ကြားရေးနှင့် ပေါင်းစပ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ တီထွင်ဖန်တီးနိုင်စွမ်းလည်း ပိုမိုတိုးတက်လာမည် ဖြစ်သည့်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသော တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားစွာ ပံ့ပိုးပေးကြသော မိဘအုပ်ထိန်းသူများအားလုံးကို ကျေးဇူးတင်ပါကြောင်း”အမှာစကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ တိုင်ဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းဒေသကြီး အဆင့် National ICT Awards-2025 (Educational Project & Skills Competition) အထက်တန်းအဆင့်ပြိုင်ပွဲတွင် ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျုံပျော်မြို့ "မြန်ပြည်သားကောင်း" ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက Renewable Energy System ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်နေမှုများ၊ National ICT Awards (Educational Project & Skills Competition) မှတ်တမ်းဓာတ်ပုံများ၊ ပြိုင်ပွဲဝင် Project စာအုပ်များနှင့် မူလတန်းအဆင့် စာဖြေခန်းများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)