မြစ်သာား ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်းစာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နေ့နံနက်ပိုင်းမှစတင်၍ မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်းစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူး ဦးဆောင်ပြီး အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ် ၍တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်စောင့်ကြပ်ပေးခဲ့ကြသည်။
မြို့နယ်အတွင်းမှ လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းစာမေးပွဲ ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် (Grade-9) ကျောင်းသား၊ ကျောင်းသူ (၁၁) ဦး၊ (Grade-10) ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး၊ (Grade-11) ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး၊ (Grade-12) ကျောင်းသား၊ ကျောင်းသူ (၅) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၄၆) ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်းစာမေးပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ထွေထွေဗဟုသုတဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယ ကြံခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းများကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)