ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူး ဒီဇင်ဘာ ၃

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားအား အမြင်အာရုံ မသန်စွမ်းသူတစ်ဦးက “အသက်ရှူသံ” သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး အလွန်အရေးကြီးပြီး လူမှုဘဝမြင့်မားရေးအတွက် မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများကို မြှင့်တင်ပေးပြီး သင့်တော်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးသွားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မသန်စွမ်းသူဆိုင်ရာ ထူးချွန်ဆုရရှိသူ (၃)ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ထူးဆုများ ချီးမြှင့်ပေးခဲ့သည်။ ၎င်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာ Video Clip နှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Clip တို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုနောက် ဉာဏ်ရည်မသန်စွမ်းကလေးငယ်များနှင့် အမြင်အာရုံမသန်စွမ်းသူများတို့က တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် မသန်စွမ်းသူများအား ဂုဏ်ပြုဆုငွေနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများအား ဘီးတပ်ကုလားထိုင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပဲခူးခရိုင် ဘက်စုံအားကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့သည်။

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဉာဏ်ရည်မသန်စွမ်း အမျိုးသားအလတ်တန်း မီတာ(၅၀၀)အပြေးပြိုင်ပွဲ၊ မသန်စွမ်းဒူးအောက်တစ်ဖက်ပြတ် မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊  မသန်စွမ်းဒူးအထက်တစ်ဖက်ပြတ် မီတာ(၁၀၀)အပြေးပြိုင်ပွဲနှင့် ဉာဏ်ရည်မသန်စွမ်း အမျိုးသမီးအလတ်တန်း မီတာ(၅၀)အပြေး ပြိုင်ပွဲတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မသန်စွမ်းစားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဉာဏ်ရည်မသန်စွမ်းအပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက မသန်စွမ်းအမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ သံပြားဝိုင်းပစ်ပြိုင်ပွဲနှင့် သံလုံးပစ်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)