မိုးညှင်းမြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) လုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း နို၀င်ဘာ ၃၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း(RBF)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကြရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ရှိသူများ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ အသက်မွေးဝမ်းကျောင်းအဖွဲ့ လေးဖွဲ့မှ စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့များ၏ မိုးပဲးပုတ်စိုက်ခင်းနှင့် စပါးစိုက်ခင်း ရိတ်သိမ်းနေမှုအခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းအဖွဲ့များ၏ အသားစား (CP)ဝက် မွေးမြူထားရှိမှုအခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကြပြီးနောက် ကျေးရွာစာကြည့်တိုက်၌ မြို့နယ်ဦးစီးမှူးက ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံရာတွင် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ ချေးငွေများရယူထားသည့် လုပ်ငန်းများအား အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ စီမံကိန်းရန်ပုံငွေများ အလွဲသုံးစားမှုမရှိစေရေးနှင့် လေ့လွင့်ဆုံးရှုံးမှုမရှိစေရေးတို့အတွက် အထူးအလေးထားဆောင်ရွက် ကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ (RBF) ဖြင့် အသက်မွေးဝမ်းကျောင်းအဖွဲ့လေးဖွဲ့ဖြစ်သည့် စိမ်းလန်းသာယာစိုက်ပျိုးရေးလုပ်ငန်းအဖွဲ့၊ စည်းလုံးသာယာစိုက်ပျိုးရေးလုပ်ငန်းအဖွဲ့၊ ဖွံ့ဖြိုးသာယာမွေးမြူရေးလုပ်ငန်းအဖွဲ့နှင့် မြင့်မြတ်သာယာမွေးမြူရေးလုပ်ငန်းအဖွဲ့စသည့် အဖွဲ့လေးဖွဲ့မှ တစ်ဖွဲ့စီကို ငွေကျပ် (၇,၉၅၀,၀၀၀) နှုန်းဖြင့် စီမံကိန်းရန်ပုံငွေစုစုပေါင်း ငွေကျပ် (၃၁၈) သိန်းကို ထုတ်ချေးထားရှိကြောင်း သိရသည်။

ရွှေမိုးညှင်း