လှိုင်းဘွဲ ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း မိုးစပါးတစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်များ ရိတ်သိမ်းလျက်ရှိရာ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဒိုင်းပြကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၅၄၇၊ ဦးပိုင်အမှတ် ၁၃၊ မြေကွက်အမှတ် ၁၂၇ တောင်သူဒေါ်နှင်းမှုံ၏ လယ်မြေရှိ မိုးစပါး (အောင်နိုင်တိုး)ကို စံကွက်ရိတ်သိမ်းခဲ့ကြသည်။
ထိုသို့ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများစုပေါင်း၍ အကွက်ကျယ် (၀ ဒဿမ ၁၀) ဧကကို စံကွက်ရိတ်သိမ်းခဲ့ရာ ၁ ဧက အထွက်နှုန်း ၁၁၅ ဒဿမ ၇၀ တင်း ထွက်ရှိခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်း အောင်နိုင်တိုးစပါးမျိုးကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါး(အောင်နိုင်တိုး) စုစုပေါင်း ၂၀၃ ဧကအထိ တိုးချဲ့စိုက်ပျိုးခဲ့ကြရာ ဒေသရေမြေနှင့်ကိုက်ညီခြင်း၊ အထွက်နှုန်းကောင်းခြင်း၊ ပိုးမွှားကျရောက်မှုဒဏ် ခံနိုင်ရည်ရှိခြင်း၊ စားသုံးမှုအရည်သွေးကောင်း၍ တောင်သူများ ကြိုက်နှစ်သက်ခြင်းကြောင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ်မိုးရာသီတွင် လှိုင်းဘွဲမြို့နယ်အတွင်း မိုးစပါး ၁၂၀၈၈၉ ဧက စိုက်ပျိုးရန်လျာထားခဲ့သော်လည်း ၁၂၀၈၉၇ ဧက စိုက်ပျိုးခဲ့သဖြင့် လျာထားချက်ထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိတွင် မိုးစပါးစုစုပေါင်း (၄၉၂၇၄) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)