၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၄

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စန္ဒိမာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကျန်းမာစေသောလက်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အဓိကရည်မှန်းချက်များဖြစ်သည့် အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုအသစ် မရှိစေရေး၊ ရောဂါပိုးရှိသူများအား ခွဲခြားနှိမ့်ချမှုကင်းစင်ရေး၊ လိုအပ်သည့် ဆေးကုသပြုစုစောင့်ရှောက်မှုများ လက်လှမ်းမီရရှိကာ သေဆုံးမှုများ လျှော့ချရေးစသည့် ရည်မှန်းချက်များ ပြည့်မီပြီး အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်းစသည်တို့ကို ပြောကြားသည်။

ယင်းနောက် Beyond The Happiness ပညာပေးပြဇာတ်အား ဖျော်ဖြေတင်ဆက်သည်။ ၎င်းနောက် ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သော ကျန်းမာရေးဌာနများမှ ကဏ္ဍအလိုက် ထူးချွန်ဆုများ ရရှိခဲ့ကြသူများကိုရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်တို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အခမ်းအနားအစီအစဥ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)