တနင်္သာရီတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး တိုင်းဒေသကြီးအဆင့် MSME အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီးအဆင့် MSME အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင်တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက MSME ဗဟိုကော်မတီ၊ MSME လုပ်ငန်းကော်မတီ၊ MSME အေဂျင်စီများ၏ လမ်းညွှန်မှာကြားချက်များကို တိုင်းဒေသကြီး MSME အေဂျင်စီမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အေဂျင်စီအဖွဲ့ဝင်ဌာနများနှင့် တွေ့ဆုံညှိနှိုင်းသည့် အစည်း အဝေးဖြစ်သောကြောင့် ဌာနများအနေဖြင့် မိမိတို့ဌာနများနှင့်သက်ဆိုင်သည့် လမ်းညွှန်ချက်များအပေါ် အောင်မြင်အောင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီးအေဂျင်စီအား ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ရော်ဘာ၊ ဆီအုန်း၊ ရေထွက်ကုန် (ငါး၊ပုစွန်)၊ ကင်းမွန်ခြောက်၊ ငှက်သိုက်၊ ကွမ်းသီး၊ ဝဥ၊ သီဟိုဠ်၊ ကိုကိုး၊ ကော်ဖီလုပ်ငန်းများအား သက်ဆိုင်ရာဌာနအလိုက် တိုးတက်အောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ MSME ဆိုင်ရာလမ်းညွှန်ချက်များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့်အေဂျင်စီအဖွဲ့ဝင်ဌာနများအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက MSME ဆိုင်ရာ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဈေးကွက်ချိတ်ဆက်နိုင်မှုအလားအလာရှိသောလုပ်ငန်းများ၊ ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)