ပင်းတယမြို့နယ်တွင် စပ်မျိုးနေကြာမျိုးစေ့ ထုတ်နည်းပညာပေး လုပ်ငန်းကွင်းဆင်းဆောင်ရွက်

ပင်းတယ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်း ၁၀ ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဒေသစိုက်ပျိုးရေးဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးကျော်ကျော်ညွှန့်သည် ယမန်နေ့က ပင်းတယမြို့နယ် ပွေးလှကျေးရွာအုပ်စု ရှောက်ပင်ကျေးရွာမှ စပ်မျိုးနေကြာမျိုးစေ့ ထုတ်စိုက်ပျိုးနေသော တောင်သူ ဦးကျော်တင့်၏ စိုက်ကွက်တွင် မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာများအား တောင်သူများကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်တတ်စေရန်၊ မြေဩဇာ စနစ်တကျ အချိုးညီအချိန်ကိုက်ကျွေးခြင်း အပင်သားခွဲခြင်း မျိုးကွဲပယ်ခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း လုပ်ငန်းများအား ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်းကို ၂၀၂၅-၂၀၂၆ ခုနှစ် ရှမ်းပြည်နယ် ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တောင်ရှည်ကျေးရွာအုပ်စု ကံသာကျေးရွာရှိ သပြေကုန်းခြံတွင် စပ်မျိုးနေကြာမျိုးစေ့ ထုတ်လုပ်ငန်း ဧက ၅၀ ကိုလည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းလည်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)