ကျိုင်းတုံ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနပိုင် ယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ခရီးသည်ယာဉ်ကြီးဂိတ် (၄)ခန်းနှင့် ခရီးသည်ယာဉ်ငယ်ဂိတ် (၄၀)ခန်းပါ သံကူးကွန်ကရစ် ၂ ထပ် အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်း စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) စိစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့က စည်ပင်သာယာခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)ဌာနခွဲတာဝန်ခံ ဦးသိန်းဝင်းက စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI)လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် သက်ဆိုင်ရာတာဝန်ရှိသူများက စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) အမှတ်ပေးစည်းမျဉ်းများအားဖတ်ကြားခြင်း၊ စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) တင်သွင်းသည့်ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ စိတ်ဝင်စားမှုအဆိုပြုလွှာစိစစ်ရွေးချယ်ရေးကော်မတီဝင်များက တင်ပြချက်များအပေါ် ဆွေးနွေးခြင်းနှင့် (EOI)အဆိုပြုလွှာဖွင့်ဖောက်စိစစ်ခြင်းတို့ ဆောင်ရွက်ကြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများက ယန်းခမ်းအဝေးပြေးယာဥ်ရပ်နားစခန်းအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)