ရန်ကုန် ဒီဇင်ဘာ ၄
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၊ အားကစားကွင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မသန်စွမ်းအားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ၂၀၂၆ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံမသန်စွမ်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မသန်စွမ်းအားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပွဲတော်မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား စတင်ရာ ပြေးခုန်ပစ်ပြိုင်ပွဲများဖြစ်သည့် မီတာ (၁၀၀) အပြေးပြိုင်ပွဲ (ကျား) T63/T64 (ခြေတစ်ဖက်ချို့ယွင်းသူများ)၊ မီတာ (၁၀၀) အပြေးပြိုင်ပွဲ (မ) T11/T12 (အမြင်အာရုံချို့ယွင်းသူများ)၊ မီတာ (၁၀၀) အပြေးပြိုင်ပွဲ (ကျား) T37/T38 (သူငယ်နာ အကြောတင်းသူများ)၊ မီတာ(၁၀၀) အပြေးပြိုင်ပွဲ (ကျား) T46/ T47 (လက်တစ်ဖက်တံတောင် အထက်/အောက် ချို့ယွင်းသူများ)၊ မီတာ (၁၀၀) အပြေးပြိုင်ပွဲ (ကျား) T11/T12 (အမြင်အာရုံ ချို့ယွင်းသူများ)၊ ရေကူးပြိုင်ပွဲများဖြစ်သည့် S5/S6/S7 မီတာ(၅၀)အလွတ်ကူး (အမျိုးသား)၊ S10 မီတာ(၅၀) ပက်လက်ကူး (အမျိုးသား)၊ စစ်တုရင်ပြိုင်ပွဲတွင် အမျိုးသားအမြန်ရွှေ့စစ်တုရင်နှင့် အမျိုးသမီးအမြန်ရွှေ့စစ်တုရင်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများ ရရှိသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဂိုးလ်ဘောပြိုင်ပွဲ (က) အသင်းနှင့် (ခ) အသင်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိသူများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၆ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံမသန်စွမ်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မသန်စွမ်းအားကစားသမားများကို ရင်းရင်းနှီးနှီနှုတ်ဆက်ကာ ဂုဏ်ပြုချီးမြှင့်ငွေများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)