မိုးညို ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဇော်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများအနေဖြင့် လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးနှင့် ခြင်ဆေးခွေများအား ညအချိန်တွင် သတိထား၍ စနစ်တကျငြှိမ်းသတ်ရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျရှင်းလင်းထားရန်၊ မီးချိတ်မီးကပ်နှင့် ရေအိတ်၊ သဲအိတ်များ ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်မီးကြိုးများကို စနစ်တကျသွယ်တန်းအသုံးပြုရန်၊ နေအိမ်များအတွင်း မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိဆောင်ရွက်ရန် အစရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေး သတိပြုရမည့်အချက်များနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အမြန်ဆုံးဆက်သွယ်အကြောင်းကြားရမည့် ဖုန်းနံပါတ်များအား လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)