စဉ့်ကိုင် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိစေရေး၊ မဲဆန္ဒရှင်စာရင်များ တိကျပြည့်စုံမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းရာတွင် စဉ့်ကိုင်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အိမ်ထောင်စုလူဦးရေ စာရင်းတွင် ပါ၀င်သည့် အမည်စာရင်းနှင့် မဲစာရင်းတွင်ပါ၀င်သည့် အမည်စာရင်း မှန်/မမှန် မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းများ မပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၅၃)အုပ်စု၊ လျာထားမဲရုံ (၁၁၉)ရုံရှိပြီး မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင် ပါဝင်သင့်သူများ ပါဝင်ပြီး၊ မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရန် မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း (Door to Door) စာရင်းကောက်ယူ ဆောင်ရွက်နေသည့် နေရာများသို့ မြို့နယ်စံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ ပါဝင်သောအဖွဲ့များမှ ကွင်းဆင်းစစ်ဆေး၍ လုပ်ငန်းဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရေးနှင့် မှန်ကန်တိကျမှုရှိစေရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ (ပြန်/ဆက်)