ပန်းတောင်း ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ဒီဇင်ဘာလ လူထုအားကစားပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရက ဒီဇင်ဘာလလူထုအားကစားပွဲနှင့် စုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဥ် စနေနေ့တိုင်း မြို့နယ်အားကစားခန်းမ၌ စုရပ်ပြုလုပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး နေ့ချင်းပြီး ဆုပေးနိုင်ရေး၊ ကိုယ်လက်လှုပ်ရှားအားကစားများဆောင်ရွက်နိုင်ရေး၊ အပျော်တမ်းအားကစားပြိုင်ပွဲများ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ပြည်သူလူထုအား ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး နှိုးဆော်သွားမည်ဖြစ်ပြီး အသက်အရွယ်မရွေး၊ လူတန်းစားမရွေး အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်သွားကြရန်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ညှိနှိုင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့် တာဝန်ရှိသူများ စုစုပေါင်း (၃၉) ဦး တက်ရောက်ခဲ့ကြပြီး ဌာနအလိုက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဥ်များကို အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)