တံတား ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု မြေစိုက်ပိုစတာ (Billboard) စိုက်ထူပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ် (၄) ရပ်ကွက်၊ အောင်သီရိဈေးရှေ့၊ အမှတ် (၁) ရပ်ကွက်၊ မြို့မလမ်းဘေးနှင့် တံတား-စစ်တန်းလမ်းဆုံတို့တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနား၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု မြေစိုက်ပိုစတာ (Billboard) အား ကျောက်တန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ၊တံတားမြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့သည်။ ထို့အပြင် တံတားမြို့အတွင်းရှိ လူစည်ကားရာ နေရာများတွင်လည်း “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု မြေစိုက်ပိုစတာလေးများ စိုက်ထူခဲ့ကြသည်။
တံတားမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲစာရင်းကျန်ရှိမှု မရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်မှု (Campaign) အနေဖြင့် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများသို့ သွားရောက်၍ ပြည်သူများအား “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်သူဇာ (ပြန်/ဆက်)