တွံတေး ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်၊ အ.ထ.က (၂)၊ စာသင်ကျောင်းတွင် တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှုူး၍ အမျိုးသမီးများအား အကြမ်းဖက်မှုမှပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပွဲကို ဋ္ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (၂) မြို့မ၊ ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ တွံတေးခရိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၁၉၉၉ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ ကာလအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ (၁) ရက်နေ့ကို ကမ်ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့ကြောင်း စသည်ဖြင့် အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိမှ အမျိုးသမီးများအား ကာကွယ်ရေးဆိုင်ရာဥပဒေများအကြောင်း အသိပညာပေးဟောပြောခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမျိုးသမီးများအပေါ် အကြမ်းဖတ်မှုနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဋ္ဌာနမှ ဒီဇင်ဘာ (၃) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ပိုလီယိုရောဂါနှင့် မွေးရာပါ Autism အကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ဆန်းစစ်မေးခွန်းများ မေးမြန်းကာ ဖြေကြားပေးသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက အသီးသီးအမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၃၀) ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
မျိုးလှိုင်