မိုးနဲ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သက်ငယ်မဒိမ်းမှုများ မဖြစ်ပေါ်စေရေး ရှောင်ရန်အချက်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က နားခါးအခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကလေးငယ်များကို မဖြစ်မနေသင်ထားပေးသင့်သည့်အချက်များ၊ သက်ငယ်မဒိမ်းမှုများနေ့စဉ် ရက်ဆက်ဖြစ်ပေါ်နေမှုအပေါ် အုပ်ထိန်းသူများနှင့် ကလေးငယ်များ လိုက်နာသတိပြုရန် အချက်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း ပြောကြားခဲ့ပြီး ကျောင်းစာကြည့်တိုက် ရှင်သန်ခိုင်မာရေးအတွက် ရုပ်ပြနှင့်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ချိတ်ဆွဲပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကိုပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)