တွံတေးခရိုင်အတွင်းရှိ မြို့နယ်များတွင် အရိပ်ရအပင်များ စိုက်ပျိုးထားသည့် ခြံများတွင် ကော်ဖီ၊ ကိုကိုးပင်များ စီမံချက်ဖြင့် စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တွံတေး ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ခရိုင်အတွင်းရှိ မြို့နယ်များတွင် ရာဘာ၊ မန်ဂျန်ရှား၊ ဒူးရင်း စသည့်အရိပ်ရအပင်များ စိုက်ပျိုးထားသည့် ခြံများတွင် ကော်ဖီ၊ ကိုကိုးပင်များ စီမံချက်ဖြင့် စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့သည်။

ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရာဘာ/မန် ဂျန်ရှား/ ဒူးရင်း/ ကော်ဖီ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က မြေနိမ့်ဒေသရိုဘတ်စတာ (Robusta) ကော်ဖီပင်များ စိုက်ပျိုးရန်ကိစ္စနှင့် ပတ်သက်၍ “တပ်ဖွဲ့ဦးစီးဌာနအလိုက် မိမိတို့ထိန်းသိမ်းနယ်မြေအတွင်း အရိပ်ပင်များရှိပြီး ကော်ဖီစိုက်ရန်သင့်လျော်သော မြေနေရာများ စိစစ်ဖော်ထုတ်တင်ပြသွားရန်နှင့် စိစစ်ချက်အရ စိုက်ပျိုးနိုင်မည့် အရေအတွက် မှာယူစိုက်ပျိုးနိုင်ရေး အစီအမံရေးဆွဲတင်ပြစေရန်” ဟု လမ်းညွှန်ချက်အရလည်းကောင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်စေနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်း၊ ကော်ဖီပင်ကို အရိပ်ပင်နှင့် ယှဉ်တွဲစိုက်ပျိုးခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးမှုစနစ်ကို ဖော်ဆောင်နိုင်ခြင်းနှင့် ပြည်ပသို့ ကော်ဖီပို့ကုန်အမယ်သစ်တင်ပို့နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်စေရန် ရည်ရွယ်၍ ကော်ဖီဧက (၁) သိန်း တိုးချဲ့စိုက်ပျိုးရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တွံတေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ရာဘာ၊ မန်ဂျန်ရှား၊ ဒူးရင်း စသည့်အရိပ်ရအပင်များ စိုက်ပျိုးထားသည့် ခြံများတွင် ကော်ဖီ၊ ကိုကိုးပင်များ စီမံချက်ဖြင့် စိုက်ပျိုးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင်