သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

သဲကုန်း ဒီဇင်ဘာ ၄

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အင်းမမြို့၊ အ.မ.က (အင်းမ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

​ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ​ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် အားလပ်ချိန်များတွင် သုတ၊ ရသ စာပေဖတ်ရှု​ကြရန်၊ စာ​ပေဖတ်ရှု​လေ့လာခြင်း၏ အကျိုးကျေးဇူးများ၊ စည်းကမ်းရှိပြီး အကျင့်စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်စေရန်၊ မူးယစ်ဆေးစွဲသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း အကျယ်တဝင့်ဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူနှင့် စာကြည့်တိုက်လက်ထောက်- ၃ ဒေါ်နော်ဌေးဌေးမြင့်တို့က ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)