ရွှေပြည်သာ ဒီဇင်ဘာ ၄
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးလက်ကမ်းစာစောင်များကို ရွှေပြည်သာမြို့နယ်အတွင်းရှိ လူစည်ကားနေရာဖြစ်သော ထန်းခြောက်ပင်လမ်းဆုံရှိ ဈေးဆိုင်များ၊ ကယ်ရီဂိတ်များ၊ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်တို့တွင် ယမန်နေ့ ညနေပိုင်းက စတင်ဖြန့်ဝေပေးသည်။
အဆိုပါဖြန့်ဝေမှုတွင် ပြည်သူများ ရွေးကောက်ပွဲဆိုင်ရာများသိရှိနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်၌ "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့" "ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ" “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့” အစရှိသည့် ဆောင်ပုဒ်များ ပါဝင်ပြီး မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်းပါဝင်မဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်လှုံ့ဆော်ဆောင်ရွက်ပေးသည်။
အဆိုပါလက်ကမ်းစာစောင်ဖြန့်ဝေရာသို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အေးမိုး (ပြန်/ဆက်)