အောင်လံမြို့၌ သွေးလှူရှင်များ ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

အောင်လံ ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေကြသော လူနာများအတွက် အရေးပေါ်လိုအပ်နေသော “သွေး” ကို စေတနာအပြည့်ဖြင့် အခမဲ့ လှူဒါန်းပေးသော သွေးလှူရှင်/ပရဟိတအဖွဲ့များအတွက် သွေးလှူရှင်များ ဂုဏ်ပြုပွဲကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက သွေးလှူရှင်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အောင်လံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးလွင်က ရှင်းလင်းတင်ပြခြင်း၊ သွေးလှူရှင် ပရဟိတအသင်းအဖွဲ့များ ကိုယ်စား Volunteer ဦးမြင့်သန်းလေးက ရှင်းလင်းတင်ပြခဲ့ပြီး၊ သွေးလှူရှင်များကိုယ်စား အကြိမ် (၆၃) ကြိမ်မြောက် သွေးလှူရှင်  ဦးအောင်မျိုးက ကျေးဇူးတင်စကားနှင့် လိုအပ်သည်များကို ပြောကြားခဲ့သည်။

ထို့နောက် အကြိမ်(၃၀)နှင့်အထက် သွေးလှူရှင်များနှင့် ပြည်သူ့ကျန်းမာရေးအတွက် အဖက်ဖက်ကနေ ကူညီဆောင်ရွက်ပေးသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)