မကွေး ဒီဇင်ဘာ ၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး(မကွေးတိုင်းဒေသကြီးတာဝန်ခံ)သည် ယမန်နေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ၂၈ - ၁၂ - ၂၀၂၅ ရက်နေ့တွင် ပထမအကြိမ် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အလိုက်အသုံးပြုမည့် MEVM မဲပေးစက်များကို နည်းပညာကျွမ်းကျင်သူများဖြင့် စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မြို့နယ်များမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မြို့နယ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံများတွင် MEVM မဲပေးစက်များကို စစ်ဆေးဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက် ကွပ်ကဲရေးရုံးများဖွင့်၍ ကွပ်ကဲရေးရုံးများတွင် အရန် MEVM မဲပေးစက်များ ထားရှိမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်တို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပထမအကြိမ်ကျင်းပမည့် မြို့နယ်များအား လုံခြုံရေးဆောင်ရွက်ပေးမည့်အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ တပ်နယ်မှူးများ၊ MEVM မဲပေးစက်ကြီးကြပ်မှုအဖွဲ့ဝင်များ၊ MEVM မဲပေးစက် နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး(မကွေးတိုင်းဒေသကြီးတာဝန်ခံ)နှင့် ကြီးကြပ်မှုအဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးတွင် MEVM မဲပေးစက်များ တပ်ဆင်စစ်ဆေးခြင်း၊ MEM Battery များ အားသွင်းခြင်း၊ MEVM မဲပေးစက်များ မြို့နယ်အလိုက် လွှတ်တော်မဲဆန္ဒနယ်အလိုက် စုပုံထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး(မကွေးတိုင်းဒေသကြီးတာဝန်ခံ)နှင့် တိုင်းဒေသကြီးကော်မရှင်အဖွဲ့ဝင်များသည် မကွေးမြို့ပေါ် ရပ်ကွက်များတွင် ၂၁ - ၁၁ - ၂၀၂၅ ရက်နေ့မှ ၄-၁၂-၂ဝ၂၅ ရက်နေ့အထိ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုအပေါ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မောင်ညီညာ