ရန်ကုန် ဒီဇင်ဘာ ၄
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်၊ စာစောင်များ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဦးစွာ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများ ဖွံ့ဖြိုးစေရန် ကျေးရွာနှင့် ရပ်ကွက်များတွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ တည်ထောင်၍ စာပေများ ဖတ်ရှုနိုင်ရန် စာအုပ်စာစောင်များ ဖြန့်ဝေပေးပို့လျက်ရှိပါကြောင်း၊ ဖောင်ဒေးရှင်းအနေဖြင့် စာအုပ်များ ဝယ်ယူထောက်ပံ့ပေးသကဲ့သို့ အလှူရှင်များ လှူဒါန်းသည့် စာအုပ်များကိုလည်း ပေးပို့လှူဒါန်းပေးပါကြောင်း၊ စာကြည့်တိုက်များ၏ အသက်မှာ စာအုပ်များဖြစ်ပါကြောင်း၊ စာအုပ်များရှိမှသာ စာဖတ်ရှုသူများ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ အလှူရှင်များ တိုးပွားလာသည်နှင့်အမျှ စာအုပ်များကို များများလှူနိုင်မည်ဖြစ်ပါကြောင်း ထို့ကြောင့် စာအုပ်အလှူရှင်များ တိုးပွားရေးအတွက် စည်းရုံးပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စာအုပ်အလှူရှင်များက စာအုပ်များ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်များ ပေးအပ်လှူဒါန်းရာ ဗိုလ်မှူးကြီး ဇော်ထွန်း (ငြိမ်း) (စာရေးဆရာ နီမင်းညို) နှင့် စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းကိုယ်စားတိုင်းတာဝန်ခံ ဦးညွန့်လှိုင်တို့က စာအုပ်များ ပေးအပ်လှူဒါန်းရာ ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင်ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယနေ့ လှူဒါန်းမှုတွင် စာအုပ်ပေါင်း အုပ်ရေ (၅၀၀) ကျော် ၊ တန်ဖိုး (၃၉၀၀၀၀၀/-) ကျော် ဖြစ်ကြောင်း သတင်းရရှိသည်။
အောင်မြင့် (ပြန်/ဆက်)