ပေါက်ခေါင်းမြို့နယ်၌ သံပုရာသီးစိုက်ပျိုးသူများ အထွက်နှုန်းကောင်း၍ ဈေးကောင်းရရှိ

ပေါက်ခေါင်း ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပျားထိုးကျွန်းကျေးရွာတွင် စီးပွားဖြစ်စိုက်ပျိုးသော သံပုရာသီးစိုက်ပျိုးခြင်းမှာ အထွက်နှုန်း​ကောင်း၍ စျေးကောင်း ရရှိကြောင်း သံပုရာသီးခြံပိုင်ရှင် တစ်ဦးထံမှသိရသည်။

ထိုသို့စိုက်ပျိုးခြင်းမှ တစ်ခါခူးလျှင် သံပုရာပင်(၁)ပင်လျှင် အလုံး(၁၀၀)ကျော် အသီးရရှိ ပါကြောင်း၊ မိမိခြံတွင် အပင်(၂၀၀)ကျော်စိုက်ပျိုးထားရှိ၍ တစ်ပတ်ခူးလျှင် အလုံးရေ (၂)သောင်းကျော်ရရှိ၍ ပေါက်ခေါင်းမြို့နှင့် ပြည်မြို့သို့ တင်ပို့ရောင်းချရာ သံပုရာသီး(၁)လုံးလျှင် (၁၀၀)ကျပ်ထိရရှိ၍ အမြတ်ငွေပိုမိုရရှိကြောင်း၊ အစေ့ကနေ စိုက်ပျိုးလျှင် ၇ နှစ် ၈ နှစ်ကြာမှ အသီးစတင်သီးသဖြင့် ကိုင်းဆက်ကို အများဆုံး စိုက်ပျိုးကြကြောင်း၊ သံပုရာပင်သည် မြေဩဇာနှင့် ရေရရှိပါက တစ်နှစ်ပတ်လုံး အသီးသီးကာ တစ်နှစ်ပတ်လုံးဝင်ငွေ ရရှိသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ပျားထိုးကျွန်းကျေးရွာမှ စီးပွားဖြစ် သံပုရာခြံစိုက်ပျိုးလုပ်ကိုင်နေသူ တစ်ဦးထံမှ သိရှိရသည်။

မြန်မာသံပုရာသီးပင်များကို တစ်ပင်နှင့်တစ်ပင် (၁၅)ပေကြားစိုက်ပျိုးရပြီး စိုက်ပျိုးပြီး(၈)လအကြာတွင် အသီးများကို စတင်ခူးယူကာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ကြောင်း သိရှိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)