မြိတ် ဒီဇင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်မျိုးဆက်သစ်ပြေးခုန်ပစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပသည်။
မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၌ မီတာ (၁၀၀/၂၀၀/၄၀၀/၈၀၀/၁၅၀၀/၃၀၀၀/ ၅၀၀၀) အပြေးပြိုင်ပွဲများ၊ မီတာ (၁၀၀) တန်းကျော်ပြိုင်ပွဲ၊ မီတာ (၁၀၀) လက်ဆင့်ကမ်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ အလျားခုန်/ အမြင့်ခုန်/ သုံးဆင့်ခုန်ပြိုင်ပွဲများကို ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ (၃) ရက်နှင့် (၄) ရက် တို့တွင် ကျင်းပခဲ့သည်။
ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အပြေးပြိုင်ပွဲများ၊ မီတာ (၁၀၀) တန်းကျော်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ မီတာ (၁၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများကို ပြိုင်ပွဲဝင်အားကစားသမားများက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရာ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အမျိုးသား/ အမျိုးသမီးပြိုင်ပွဲဝင်အားကစားသမားများအား လည်ဆွဲဆုနှင့်ငွေသားဆုများကို တာဝန် ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြို့နယ်ပေါင်းစုံ ပြေးခုန်ပစ်အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတို့တွင် တံခွန်စိုက်ဆုရရှိသောအသင်းတို့အား မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)