ချမ်းမြသာစည် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လွတ်လပ်စွာ မဲဆန္ဒပေးနိုင်စေရေး အသိပညာပေးနှိုးဆော်သည့်၊ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ဘုတ်များစိုက်ထူ၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီက မြို့လယ် မီးပွိုင့်လမ်းဆုံနှင့် လူစည်ကားသောနေရာများတွင် ဆောင်ရွက်ခဲ့သည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် မြေစိုက်ဘုတ် စိုက်ထူခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီး ရေးရာအဖွဲ့မှ တာဝန်ရှိသူများဖြင့် လူစည်ကားရာနေရာများဖြစ်သည့် မြို့လယ်လမ်းဆုံမီးပွိုင့်နှင့်စားသောက်ဆိုင်၊ စျေးဆိုင်အရှေ့တို့တွင် အသိပညာပေးနှိုးဆော်ခဲ့ပြီး ဒို့အတူတူမဲပေးကြမယ်၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)