ပွင့်ဖြူ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲသီးနှံ ၁၅၀၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် တောင်သူများ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲသီးနှံ ၃၁၉၂ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၅၀၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားတော်ပဲသီးနှံစိုက်ဧက ၃၁၉၂ ဧက စိုက်ပျိုးဖို့အတွက် လျာထားပါတယ်။ ဒီနေ့ထိ ဧက ၁၅၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားချက်ဧက ပြည့်မီအောင်ဆောင်ရွက်သွားမှာပါ။ စားတော်ပဲစိုက်ခင်းတွေ အထွက်နှုန်းတိုးတက်စေရေး အပင်အားဆေးနဲ့ မြေဩဇာ စနစ်တကျ သုံးစွဲတတ်အောင်၊ ပိုးမွှားအန္တရာယ်ကင်းရှင်းဖို့ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် နည်းပညာပေးတာတွေကို မြေပြင်ကွင်းဆင်းဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စားတော်ပဲသီးနှံအပါအဝင် ပဲမျိုးစုံသီးနှံ စိုက်ပျိုးတောင်သူများကို အထွက်နှုန်းတိုးတက်ကောင်းမွန်စေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ စိုက်ပျိုးရေးသွင်းအားစုများ မှန်ကန်စွာ သုံးစွဲတတ်စေရေး၊ စိုက်ပျိုးရေစနစ်တကျသုံးစွဲရေးတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး အသိပညာပေးလျက်ရှိကြောင်း သိရသည်။
စားတော်ပဲကို အရည်အသွေးနှင့် အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပြည်ပပို့ကုန်အဖြစ်ပါ တင်ပို့နိုင်မည်ဖြစ်ရာ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်၍ ဒေသမရွေး စားတော်ပဲသီးနှံအား ယခုထက်ပိုမို ကြိုးပမ်းစိုက်ပျိုးကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)