ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ ၉၀၉၉ ဧက စိုက်ပျိုးပြီးစီး

ငဖဲ ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ ၉၀၉၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် ဖူးစားပြောင်း (၅၄)ဧက၊ ဆီထွက်သီးနှံ (၂၃၉၆)ဧက၊ ပဲမျိုးစုံ (၆၈၈၃)ဧက၊ စားဖိုဆောင်နှင့် ဟင်းသီးဟင်းရွက် (၁၉၇)ဧက၊ ကျွဲ၊ နွားစာ (၂၅၈၃)ဧက စုစုပေါင်း (၁၂၁၁၃)ဧက စိုက်ပျိုးရန်လျာထားရာ ယနေ့ထိ (၉၀၉၉)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် မန်းချောင်းဆည်ရေ၊ ရင့်ရှည်ဆည်ရေ၊ ဆည်ငယ်၊ ကန်ငယ်ရေများနှင့် မြေအောက်ရေတင်၍ စိုက်ပျိုးကြပြီး နှစ်ရှည်သီးနှံပင်များနှင့် သီးထပ်၊ သီးညှပ်ရောနှောစိုက်ပျိုးလျက်ရှိပြီး ကုလားပဲသီးနှံနှင့် ဆောင်းနှမ်းကို ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်းဆောင်းသီးနှံများစိုက်ပျိုးပြီးစီးမှုအနေဖြင့် ယနေ့ထိ ဖူးစားပြောင်း (၇၃)ဧက၊ ဆီထွက်သီးနှံ (၇၈၉)ဧက၊ ပဲမျိုးစုံ (၅၅၅၆)ဧက၊ စားဖိုဆောင်နှင့် ဟင်းသီးဟင်းရွက် (၁၈၂)ဧက၊ ကျွဲ၊ နွားစာ (၂၄၈၅) ဧက၊ ပန်းအမျိုးမျိုး (၁၄)ဧက စုစုပေါင်း (၉၀၉၉)ဧက စိုက်ပျိုးပြီးစီးပြီး ယခုနှစ်တွင် မိုးနှောင်းကောင်း၍ ထွန်ယက်စိုက်ပျိုးမှုများနောက်ကျရကာ လျာထားချက်ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်းနှင့် စိုက်ပျိုးထားသောသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က ဆောင်းသီးနှံများ အရည်အသွေးကောင်းမွန်ရေး၊ အထွက်နှုန်းကောင်းမွန်ရေးနှင့် တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)