မန္တလေးမြို့၌ ဒို့အတူတူမဲပေးကြမယ် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပုသိမ်ကြီး ဒီဇင်ဘာ ၄

မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲ လှုံ့ဆော်မှု (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက စတင်ကာ မန္တလေးမြို့ နေရာသုံးခု၌ ကျင်းပရာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ခရိုင်၊ မြို့နယ်အဖွဲ့ခွဲတာဝန်ရှိသူများ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တက်ရောက်ကြသည်။

အစီအစဉ်အရ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ စာသားပါ ဆိုင်းဘုတ်အား တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများက အမွှေးနံ့သာရည်များ ပတ်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် လက်ကမ်းစာစောင်တွင် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်မည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦဆောင်နိုင်သူ ရွေးချယ်ကြပါစို့ ဟု အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

ယနေ့နံနက်ပိုင်း၌ မန္တလေးမြို့ ၂၆ လမ်းနှင့် လမ်း ၈၀ ထောင့်တွင်လည်းကောင်း၊ ၇၃ လမ်းနှင့် လမ်း ၃၀ ထောင့်တွင်လည်းကောင်း၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်တို့တွင်လည်းကောင်း တာဝန်ရှိသူများက အသီးသီး တက်ရောက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို (ပြန်/ဆက်)