အုတ်တွင်း ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့စစ်ဆေးရာတွင် လျှပ်စစ်မီးများသုံးစွဲရာ၌ ခံနိုင်ဝန်ထက်ပိုမိုအသုံးမပြုရေး၊ ဟောင်းနွမ်းသော လျှပ်စစ်မီးကြိုးအသစ် လဲလှယ်အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့် အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များ၊ ဖယောင်းတိုင်နှင့် လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များ၊ အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့် အချက်များအား ပြည်သူများသိရှိလိုက်နာဆောင်ရွက်သွားကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ ထားရှိစေရေးနှင့် မီးသတ်ဆေးဘူးများထားရှိစေရေး၊ မီးဘေးအန္တရာယ် ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ် အကြောင်းကြားပေးရန် အသိပညာပေး ပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့် ထံမှသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)