ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဘိုကလေးမြို့နယ်၏ မဲစာရင်းမှန်ကန်ရေး တစ်အိမ်တက်တစ်အိမ်ဆင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ဘိုကလေး ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မဲစာရင်းများမှန်ကန်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် တစ်အိမ်တက်တစ်အိမ်ဆင်းဖြင့် မြို့နယ်ဌာနဆိုင်ရာများဖြင့်ဖွဲ့စည်းထားသည့် မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များမှ မြေပြင်လူဦးရေစာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ယနေ့ နေ့လယ် (၂) နာရီခွဲအချိန်၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကြည့်ရှုအားပေးရာသို့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့်အဖွဲ့ဝင်များလိုက်ပါခဲ့ပြီး ဘိုကလေးမြို့နယ်အတွင်းမှ အမှတ်(၂) ရပ်ကွက်၊ (၃)ရပ်ကွက်၊ (၈)ရပ်ကွက်များတွင် မဲစာရင်းများအား မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှု လုပ်ငန်းဆောင်ရွက်နေမှုူများကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ဆန္ဒမဲပေးကြမည့်ပြည်သူများကိုလည်း လူမှုရေးရာဝန်ကြီးက ရွေးကောက်ပွဲနှင့်ပတ်သတ်သည့် သိသင့် သိထိုက်သည်များကို ရင်းနှီးစွာဖြင့် မျှဝေမှာကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)