ကြံခင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး  Door to Door ဆောင်ရွက်နေမှုအား တိုင်းရင်းသားရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကြံခင်း     ဒီဇင်ဘာ   ၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ရွာသစ် ရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်များ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး Door to Door ကွင်းဆင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရွှေတောင်စုရပ်ကွက်၊ ဘိုကုန်း (၂)လမ်း၊ ဦးသိန်းထွန်းနေအိမ်နှင့် ရွာသစ်ရပ်ကွက်၊ သိပ္ပံလမ်း၊ ဦးရဲသွေးအောင် နေအိမ်တို့တွင် တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူ စာရင်းပြုစုနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ရပ်ကွက်၊ ကျေးရွာ/အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများဖြင့် တွေ့ဆုံကာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က မြေပြင်စာရင်း ကောက်ယူရာတွင် အခက်အခဲများ၊ လိုအပ်ချက်များရှိပါကတင်ပြပေးရန်ပြောကြားပြီး ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တို့က မြေပြင်မဲဆန္ဒရှင် စာရင်းများကွင်းဆင်း ဆောင်ရွက်မှုအခြေအနေများအား တင်ပြကြသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦး က ရပ်ကွက်/ကျေးရွာအတွင်းရှိ  အသက် ၁၈ နှစ်ပြည့်သူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်ဆီး၊ လဲလှယ်/မိတ္တူ လျှောက်ထား သူများအား သက်ဆိုင်ရာနယ်မြေရုံးများတွင် နေချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြောကြားပြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ထို့နောက် ကြံခင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့် (MEVM)မဲပေးစက်များရောက်ရှိမှုအား ကြည့်ရှုပြီး လိုအပ်သည်များကိုမှာကြားကာ၊ အင်္ဂပူမြို့နယ်သို့ ဆက်လက်ထွက်ခွာသွား ကြောင်းသိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)