တောင်သာမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကျင်းပ

တောင်သာ ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူး ဒေါ်မြမြဆွေမှ ဦးဆောင်ပြီး အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာမကြီး၊ ဆရာမများကကြီးကြပ်၍ တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ် စောင့်ကြပ် ပေးခဲ့ကြသည်။ မြို့နယ်အတွင်းမှ လူရည်ချွန်စာမေးပွဲ ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ Grade-10 ကျောင်းသား၊ ကျောင်းသူ(၈)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၁)ဦး ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ (၃)ရက်နေ့ မှ (၅)ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များနှင့် လူတွေ့ နုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံမှသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)