ကန်ကြီးထောင့် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကံရွာတိုက်နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကံရွာ)၊ ကြံခိုင်ဝေလွင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ကိုယ်စားလက်ထောက်မြို့နယ်ပညာရေးမှူး ဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ မူလတန်းပြဆရာ ဦးမင်းမြတ်စိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး Grade-12နှင့် Grade-11မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့် လူငယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိခင်၊ ဖခင် ကျေးဇူးရှင်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာ့ကျေးဇူးခေါင်းစဉ်ဖြင့် လည်းကောင်း စသည့် ခေါင်းစဉ်များအား အသီးသီး ဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာမတစ်ဦးက လူငယ်စကားဝိုင်းကျင်းပပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားအား ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)