ပုသိမ်ကြီး ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မနောယျမကျေးရွာအုပ်စုသို့ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသော ပြည်သူများ၏ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး တစ်အိမ်တက်ဆင်း door to door စနစ်ဖြင့် ကွင်းဆင်းစစ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေး၊ ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်မင်းထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများဖြင့် ကွင်းဆင်းဆောင်ရွက်ကြသည်။
မြို့နယ်များအတွင်း မဲစာရင်းမှန်ကန်ပြည့်စုံစေရေးအတွက် door to door ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကိုအိမ်တိုင်ရာရောက် ကွင်းဆင်းစစ်၍ လိုအပ်သည်များကိုလည်းအမြန်ဆုံးပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို