ပခုက္ကူ ဒီဇင်ဘာ ၄
ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားးတိုင်း ဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်ဖြစ်သည်နှင့်အညီ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲပေးနိုင်ရေးတို့အတွက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။
ထို့သို့ဖြန့်ဝေရာတွင် ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ခင်နှင့် အဖွဲ့ဝင်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဈေးအဖွဲ့ဝန်ထမ်းများစုပေါင်း၍ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့်ဆန္ဒမဲပေးနိုင်ရေးတို့အတွက် ပခုက္ကူမြို့၊ အမှတ် (၁) စည်ပင်သာယာဈေးကြီးရှိ ဈေးသူ/ဈေးသားများနှင့် မြို့မ လမ်းနှင့်ထင်းတန်းလမ်းဆုံရှိ ခရီးသွားပြည်သူ (၁၀၀၀) ဦးထံ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” ၊ “ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ” စာအကြောင်းအရာများပါဝင်သည့် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များကို ကွင်းဆင်းဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ကယ်ရီမောင်