သဲကုန်း ဒီဇင်ဘာ ၄
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ရန်အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့" စသည့်အကြောင်းအရာများပါဝင်ပြီး လက်ကမ်းစာစောင်များအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီအဖွဲ့များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်စာရင်းများကို တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ တိုက်ဆိုင်စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)