ရေနံချောင်းတက္ကသိုလ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရေနံချောင်း ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက် တပ်ဆင်အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ရေနံချောင်းတက္ကသိုလ်၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိဒေါ်ချိုချိုလွင်နှင့် ဒုတိယဦးစီးမှူး ဦးအောင်နိုင်မိုးက မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုပြီး လွယ်ကူစွာမဲပေးနိုင်ရန်အတွက် မဲပေးစက်တပ်ဆင်အသုံးပြုနည်းနှင့် မဲပေးပုံအဆင့်ဆင့်ကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူ)များ၊ ဆရာ/ဆရာမများ၊ တက္ကသိုလ်ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေမှူး ဦးကျော်ညွှန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်၊ ပါမောက္ခ(ဌာနမှူ)များနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ပိုမိုပါဝင်မဲပေးလာစေရေးဒို့အတူတူ မဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)