အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ ပါမောက္ခချုပ်နှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ ကျင်းပ

အမရပူရ ဒီဇင်ဘာ ၄

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ဘာသာရပ်အသီးသီးမှ စတုတ္ထနှစ်၊ ပဉ္စမနှစ်(ဥပဒေပညာ)၊ ဒုတိယနှစ်(ဂုဏ်ထူးတန်း) ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက “ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းများ ကောက်ယူနေပြီဖြစ်ပါသဖြင့် ကျောင်းမှန်မှန်တက်ရောက်ရန် လိုအပ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝတ်ဆင်ကြရမည်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ပညာရပ်များတိုးတက်ရန် မိမိတို့၏ စာသင်ခန်း၊ ဘာသာရပ်စာကြည့်တိုက်နှင့် တက္ကသိုလ်စာကြည့်တိုက်မှ သင်ယူမှုဝန်းကျင်ကောင်းများ ချဲ့ထွင်သင်ယူကြဖို့ လိုအပ်ပါကြောင်း၊ ရတနာပုံတက္ကသိုလ်စာကြည့်တိုက်တွင် သုတ၊ ရသ၊ ဗဟုသုတ ရရှိနိုင်မည့် စာအုပ်ပေါင်း (၇၀၀၀၀) ကျော်နှင့် e-Library ရှိသည့်အတွက် တက္ကသိုလ်စာကြည့်တိုက်တွင် စာပေလေ့လာဖတ်ရှုကြပါရန် တိုက်တွန်းနှိုးဆော်ပါကြောင်းနှင့် ကျောင်းစည်းကမ်းများလိုက်နာရန် အသိပေး၊ သတိပေး လိုပါကြောင်း၊ ဆက်လက်ပြီး ဘွဲ့ကြိုစာတမ်း ပြုစုတင်သွင်းကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိကိုယ်တိုင် လေ့လာကြိုးစား၍ စာတမ်းပြုစုတင်သွင်းရန်၊ စာတမ်းပြုစုခြင်း၏ အကျိုးရလဒ်အား နားလည်သိရှိစေရန်၊ ဆရာ၊ ဆရာမများ၏ ပညာသင်ကြားပေးမှုနှင့် သွန်သင်ဆုံးမမှုများကို လိုက်နာဆောင်ရွက်ကြရန်၊ စာတမ်းတင်သွင်းပြုစုရာတွင် ဘာသာရပ်ဌာနမှူးများ၊ စာတမ်းကြီးကြပ်သူ ဆရာ၊ ဆရာများနှင့် အစဉ်မပြတ်တွေ့ဆုံ၍ စာတမ်းခေါင်းစဉ်၊ စာတမ်းအရည်သွေးပြည့်မီရေး၊ အကျိုးရလဒ်ကောင်းမွန်ရေးတို့အတွက် စာတွေ့နှင့်ကွင်းဆင်းလက်တွေ့များ ပေါင်းစပ်ပြီး နားလည်အောင် လေ့လာသင်ယူရေးသားကြရမည်ဖြစ်ပါကြောင်း၊ ကျမ်းကြီးကြပ်သူ ဆရာ၊ ဆရာမ၏ လမ်းညွှန်မှု၊ အကြံပေးမှု၊ သင်ကြားမှုများကို အလေးထား လိုက်နာဆောင်ရွက်ရန်၊ ဌာနတွင်းချမှတ်ထားသော စည်းကမ်းများကို လိုက်နာ၍ ပူးပေါင်းဆောင်ရွက်ကြရန်၊ ရိုးသားကြိုးစားစွာဖြင့် အရည်အသွေးပြည့်မီအောင် (ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်) စာမေးပွဲများကို ဖြေဆိုကြရမည်ဖြစ်ပါကြောင်း၊ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများဖြစ်သည့်အလျောက် စံပြကျောင်းသား၊ ကျောင်းသူများအဖြစ် စည်းကမ်းလိုက်နာ နေထိုင်ကြရမည်ဖြစ်ပြီး မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား အလေ့အကျင့်ကောင်းများဖြင့် ကြိုဆိုကြရန် တိုက်တွန်းပါကြောင်း၊ မိမိတို့အား ပညာဖြည့်စွမ်းပေးလိုက်သည့် ဘာသာရပ်ဌာနနှင့် အမိတက္ကသိုလ်၏ ပုံရိပ်အားကောင်းမွန်သော နှလုံးရည်ပညာစွမ်းရည်တို့ဖြင့် ကူညီစောင့်ရှောက်ရန်၊ TERM PAPER ရေးသားပြုစုခြင်းမှ အစပြုလျက် မိမိတို့၏ စိတ်ဓာတ်နှင့် ဉာဏ်ရည်မြင့်မားလာခြင်းကို လေ့ကျင့်တတ်စေရန် လိုအပ်ပါကြောင်း၊ဆက်လက်ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် မိမိစာသင်ခန်း၊ မိမိဘာသာရပ်ဌာန ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများက ပူးပေါင်းပါဝင်စေလိုပါကြောင်း၊ ကျောင်းသားအားကစားပြိုင်ပွဲများ၊ အထိမ်းအမှတ်ပွဲများတွင် တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၊ အသင်းလိုက် မိမိတို့ဝါသနာပါရာ အားကစားနည်းများအလိုက် ပါဝင်ယှဉ်ပြိုင်စေလိုပါကြောင်း၊ ရတနာပုံတက္ကသိုလ်သည် သင့်တက္ကသိုလ်ဖြစ်သည့်အတွက် ကျောင်းစည်းကမ်းများကို လိုက်နာကြပါ၊ လည်ဆွဲကတ်ချိတ်ဆွဲပါ၊ မြန်မာဆန်ဆန် ဝတ်စားကြပါ၊ ယဉ်ကျေးသိမ်မွေ့စွာပြောဆိုဆက်ဆံကြပါ၊ တစ်ဦးချင်းစီက စည်းကမ်းလိုက်နာခြင်းဖြင့် တက္ကသိုလ်၏ ကျက်သရေတင့်တယ်ခြင်းကို ဖော်ဆောင်ကြပါ” ဟု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ (ဌာနမှူး) များနှင့် စတုတ္ထနှစ်၊ ပဉ္စမနှစ် (ဥပဒေပညာ)၊ ဒုတိယနှစ်(ဂုဏ်ထူးတန်း) ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)