သန်လျင်ခရိုင်အဆင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား သုံးခွမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

သုံးခွ ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များအား သန်လျင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဘင်ခရာတီးဝိုင်နှင့် ပန်းပွားအက၊ သုံခွမြို့နယ်ရှမ်းစု အ.ထ.က(ခွဲ)ကျောင်းမှ ဦးရွှေရိုး ဒေါ်မိုးရှမ်းအိုးစည်အကဖြင့် ကြိုဆိုခဲ့ကြသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင်ပညာရေးမှူး ဦးယောဟန်၊ သုံးခွမြို့နယ် အ.ထ.က (၁) မိဘဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်သိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စာဖတ်ရှိန်မြင့်တင်ရေးဆိုင်ရာ ဉာဏပြိုင်ပွဲများနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အစီအစဥ်အရ သုံးခွမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ပညာဘဏ်တိုက်စာကြည့်တိုက်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး သန်လျင်ခရိုင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်လာရောက်ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် စာအုပ်လှူဒါန်းငွေကျပ် သိန်း(၃၀)အား လူမှုရေးရာဝန်ကြီးမှ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းထံ ပေးအပ်ခဲ့သည်။

ထို့နောက် စာပေဟောပြောမည့် စာရေးဆရာမအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြကာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "အမျိုးသားစာပေ ယဥ်ကျေးမှုအမွေ၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မှုံရွှေရည်” သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ စာရေးဆရာမ ဒေါ်တင်ထက်ထက်ဇော်က စာပေဟောပြောဆွေးနွေးခြင်း၊ သုံးခွမြို့နယ် ပုလဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စဥ်းစားအုံးမယ်” သီချင်းဖြင့်လည်းကောင်း၊ သိုက်တူးကန်အထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူလေးများက “ထာဝရမြန်မာ” သီချင်းဖြင့်လည်းကောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ယိမ်းသမားလေး” သီချင်းဖြင့် အသီးသီးက ပြဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သုံးခွမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်ဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)