ထားဝယ် ဒီဇင်ဘာ ၄
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ ကျောင်းသား၊ ကျောင်းသူများအချင်းချင်းပူးပေါင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းပြင်ပ ပညာရေးသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်သူများ၊ မိဘ၊ ဆရာ ကျောင်းသားတွေ့ဆုံပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ အတီးအမှုတ်၊ အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင်၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ယဉ်ယဉ်နုတို့က ကျောင်းသား၊ ကျောင်းသူများကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းပြင်ပ ပညာရေးသင်ယူနေကြသည့်ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်သူများ၊ မိဘ၊ ဆရာ ကျောင်းသား တွေ့ဆုံပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တီးခတ်ပေးသော ဘင်ခရာအဖွဲ့နှင့်ကျောင်းပေါင်းစုံမှ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ အင်္ဂလိပ်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကာယလေ့ကျင့်ခန်းအတွဲ (၁)(၂) ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ မြန်မာစကားပုံဆက်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေး ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့်အားကစားအနေဖြင့် ခါးကွင်းလှည့်၊ စကောရွက်၊ အာလူးကောက် ကစားနည်းများကိုလှည့်လည်ကြည့်ရှုအားပေးကာ ပါဝင်ယှဉ်ပြိုင်နေသော ကျောင်းပြင်ပ ပညာရေး ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ လိုက်လံ နှုတ်ဆက်သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကျောင်းပြင်ပ ပညာရေးတက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်သူများ၊ မိဘဆရာများ စုစုပေါင်းအင်အား ၂၀၀၀ ခန့် တက်ရောက်ကြပြီး ပြိုင်ပွဲများတွင် ကျောင်းပြင်ပ ပညာရေးကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများ၌ ဆုရရှိသူများကို ဒီဇင်ဘာ ၅ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)