ပဲခူးမြို့၌ သာသနာလင်္ကာရအကျော်စာမေးပွဲ ကျင်းပ

ပဲခူး ဒီဇင်ဘာ ၄

ပရိယတ္တိသာသနာတော်ကြီး အရှည်တည်တံ့စေရန်ရည်ရွယ်၍ ပဲခူးမြို့ ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူးသာမဏေကျော်အသင်းကြီး)မှ ကြီးမှူးပြီး (၃၉)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာမေးပွဲကို ယနေ့ နေ့လယ်ပိုင်းအချိန်က ပဲခူးမြို့၌ (ပထမနေ့)အဖြစ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူးသာမဏေကျော်အသင်းကြီး)မှ ကြီးမှူးကျင်းပသည့် (၃၉)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာမေးပွဲကို ဒီဇင်ဘာလ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး အပေါ်ထပ်၊ အောက်ထပ်၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံနှင့် ဓမ္မရွှေရည်ဓမ္မာရုံ၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် မွန်ဓမ္မာရုံတို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စာဖြေသံဃာများနှင့် သီလရှင်များ စုစုပေါင်း (၂၈၅၇)ပါးတို့က ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့၌ စာမျက်နှာ နှစ်ထောင့်ငါးရာကျော်ရှိ ဝိနယပိဋက ခုဒ္ဒကနိကာယဝိနည်းငါးကျမ်း (ပိဋကတစ်ပုံ)၊ စာမျက်နှာ တစ်ထောင့်ခုနှစ်ရာကျော်ရှိ သုတ္တန္တပိဋက အင်္ဂုတ္တရနိကာယ အင်္ဂုတ္တိုရ်ဆယ့်တစ်ကျမ်း (နိကာယ်တစ်ရပ်)၊ စာမျက်နှာတစ်ထောင်ကျော်ရှိ သုတ္တန္တပိဋက ခုဒ္ဒကနိကာယဓမ္မပဒပါဠိ၊ အဋ္ဌကထာ၊ သဒ္ဒါ (၈)စောင်၊ သင်္ဂဟ (၉)ပိုင်း ပါဠိအနက် သဘောအဓိပ္ပါယ်များကို ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုကြရာတွင် သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၌ တတိယအဆင့် သံဃာခုံအမှတ်(၁)မှ (၂၂၃)အထိ၊ ဒုတိယအဆင့် သံဃာခုံအမှတ်(၁)မှ (၅၅၆)အထိ၊ ဗုဒ္ဓအသံဓမ္မဗိမာန်အပေါ်ထပ်၌ ပထမအဆင့်သံဃာ ခုံအမှတ် (၁)မှ (၆၉၇) အထိ၊ ဗုဒ္ဓအသံဓမ္မဗိမာန်အောက်ထပ်၌ ပထမအဆင့် သံဃာခုံအမှတ် (၆၉၈)မှ (၁၂၇၇) အထိ၊ မွန်ဓမ္မာရုံအပေါ်ထပ်၌ ပထမအဆင့် သံဃာခုံအမှတ် (၁၂၇၈)မှ (၁၄၀၀) အထိ၊ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံနှင့် ဓမ္မရွှေရည်ဓမ္မာရုံတို့၌ ပထမအဆင့် သီလရှင် ခုံအမှတ် (၁)မှ (၂၂၀)အထိ၊ ဒုတိယအဆင့် သီလရှင် ခုံအမှတ် (၁)မှ (၁၅၈)အထိ၊ တတိယအဆင့် သီလရှင် ခုံအမှတ် (၁)မှ (၇၁)အထိနေရာ အသီးသီးခွဲ၍ ဖြေဆိုကြရာ စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် အကျိုးတော်ဆောင်များက စနစ်တကျ ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။

ဖြေဆိုတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးရှေ့ရှိ အလှူကုသိုလ်မဏ္ဍာပ်၌ အလှူရှင်များက နေ့စဉ် အာရုံဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကာ ဖြေဆိုအောင်မြင်ကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များ၏ စာအောင်ဆုနှင်းသဘင်ပွဲကို ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)