လှည်းကူးမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိ

လှည်းကူး ဒီဇင်ဘာ ၄

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်ဆန္ဒမဲပေးနိုင်ရေး၊ နိုင်ငံသားတိုင်း အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို လှည်းကူးမြို့နယ်ရှိ သာယာကုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးစိုင်းကျော်၏ လယ်မြေ(၅)ဧကပေါ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ)မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာပေးအပ်ခြင်း၊ နွေစပါးအတွက် Drum Seeder များ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ တောင်သူများနှင့် မင်းကုန်းကျေးရွာ၊ ဦးမင်းအောင် (ရိုဘတ်စတာ) ကော်ဖီစိုက်ခင်းတွင် လာရောက်လေ့လာသော သင်တန်းသူ၊ သင်တန်းသားများအား ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် လှည်းကူးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ရာ အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်တွင် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်မရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်” စသည့်အကြောင်းအရာများ ပါဝင်သည်။

ဆက်လက်၍ အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို လှည်းကူးမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လှည်းကူး (ပြန်/ဆက်)