ဒေါပုံ ဒီဇင်ဘာ ၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံဆော်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က “ဒို့အတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို တာ၀န်ရှိသူများ ပူးပေါင်း၍ လူစည်ကားရာနေရာများဖြစ်သည့် မြို့သစ်ဈေး၊ ရတနာဈေးနှင့် နွယ်အေးရပ်ကွက်များတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်တွင် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲပေးရန်အတွက် လှုံဆော်ရေး စာသားများဖြစ်သည့် “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ” ၊ “ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့” အစရှိသည့် ဆောင်ပုဒ်များပါဝင်ပြီး မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်းပါဝင်မဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် လှုံဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးသောင်း၀င်းစိန်နှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)